Thursday 2 February 2012

ကမ်းခြေသို့ အလည်တစ်ခေါက်


                      ကမ်းခြေသို့  အလည်တစ်ခေါက်
ဒီမနက် အစောကြီး မထချင်သေးပေမယ့် သံယောဇဉ်က အတင်းလှုပ်နှိုးနေတာနဲ့ ထလိုက်ရတယ်။ နာရီ ကြည့်လိုက်တော့ ၄း၀၀နာရီကို ညွှန်ပြနေလေရဲ့။ စောစောသွားရမဲ့ ခရီးဆိုတော့ ဘေးမှာ အိပ်မောကျနေတဲ့ သိမ့်ကိုပါ အတင်းလှုပ်နှိုးပြီး ရေချိုးခန်းထဲ ၀င်လိုက်တယ်။ အခန်းက နှစ်ယောက်ခန်းဆိုတော့ ဟိုဘက်ခန်းမှာ သံယောဇဉ်နဲ့ တူတူအိပ်တဲ့ ညီမငယ်ကလဲ ပြင်ဆင်ပြီးသားပုံစံနဲ့ နိုးနိုးတို့ အခန်းထဲကို ၀င်လာပြီး လောနေလေရဲ့။ “မြတ်နိုးသူတို့ တောင် အောက်မှာ စောင့်နေကြပြီ” လို့ ပြောလိုက်တဲ့ ညီမငယ်စကားကြောင့် သိမ့် ရေချိုးခန်းထဲ အပြေးအလွှားဝင်သွားတယ်။
ဧည့်ခန်းထဲ ၀င်လိုက်တာနဲ့ မျက်နှာတော်တော်စုံစုံကို တွေ့ လိုက်ရတော့ ရဲကျော် ကိုယ့်ကိုကိုယ် နောက်ကျသွားမှန်း သိလိုက်တယ်။ ဒါကြောင့် သူငယ်ချင်းများကို “ဆောရီး” လို့  တောင်းပန်လိုက်တယ် ဆိုရင်ဘဲ မိုးညမောင်က ရှုံ့ မဲ့နေတဲ့မျက်နှာနဲ့  “မမချောတွေ မဆင်းလာကြသေးဘူး” လို့ ပြောလိုက်တယ်။ ရောင်နီကတော့ သူ့ ဝသီ အတိုင်း လေလေးချွန်ပြီး ဘယ်သူပြောတာကိုမှ ဂရုမစိုက်ဘဲ အခန်းဒေါင့်မှာ ထိုင်နေတယ်။ နိုးနိုးတို့ အပြေးအလွှားဆင်းသွားလိုက်တဲ့ အချိန်မှာတော့ ကားတောင် အဆင်သင့် ရောက်နေပါပြီ။ အားလုံးကားပေါ်ကို တိုးဝေ့တက်လိုက်ကြတာ သော်သော်ရဲ့ ဖိနပ်ကို ရဲလင်းတက်နင်းမိလို့  သော်သော်ရဲ့ နဂါးမျက်စောင်းနဲ့ မိသွားတယ်။ ရဲလင်းဇက်လေး ပုလိုက်ပြီး မသိချင်ယောင်ဆောင်လိုက်တယ်။ အားလုံးကားပေါ်တက်ပြီးတော့ လူစုံပြီးထင်ပြီး ကားအထွက် ဖြိုးတစ်ယောက် ကိုးယိုးကားယားပုံစံနဲ့ ကားရှေ့မှာ အမောတကော ရောက်လာလို့ ကားဆရာ ဘရိတ်ကို မနဲ ဆွဲအုပ်လိုက်ရတယ်။ တစ်ကားလုံး ဖြိုးကို မေတ္တာပို့ သံတွေ ဆူညံသွားတယ်။ ဖြိုးကားပေါ်တက်လာပြီး အမောမပြေသေးဟန်ဖြင့် ကြမ်းပေါ် ထိုင်ချလိုက်တယ်။ မက်အိမ်က “ဖြိုး မင်းဘယ်သွားနေတာလဲ” လို့  မေးလိုက်တော့ “ကျွန်တော် အိမ်သာသွားတာ ရေမလာလို့ အားလုံးအခန်းပြင်ထွက်တဲ့ထိစောင့်နေတာ” တဲ့လေ။ တစ်ကားလုံး ပွဲကျသွားတယ်။ ခုသူဘယ်လိုဖြေရှင်းခဲ့လဲဆိုတာတော့ မပြောတတ်ပေါင်။
ထို့ နောက် ကားစထွက်တယ်။ အချိန်တောင် တော်တော် ဖင့်သွားပြီ။ ကားကြီး အဝေးပြေး လမ်းမပေါ်မှာ ပြေးလွှားနေချိန်မှာတော့ တစ်ကားလုံး တိတ်ဆိတ်စွာဖြင့် အိပ်မောကျနေကြလေရဲ့။ နိုးနိုးလဲ အိပ်မပျော်တာနဲ့ တယောက်ချင်းစီ အိပ်ပျော်နေကြတဲ့ ပုံတွေကို ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး “နောက်မှ အခွင့်ကောင်း ရှိရင် နောက်ရမယ်” လို့ တေးထားလိုက်တယ်။ ရုတ်တရက် နေမျိုးက စကားတွေ ထပြောလာလို့ နိုးနိုး လှည့်ကြည့်လိုက်တော့ စကားပြောနေတာမဟုတ်ဘဲ  ထယောင်နေမှန်း သိလိုက်ရတယ်။ အားရပါးရ ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး တိုးတိုးလေးဘဲ ရယ်လိုက်တယ်။ ဒီလိုနဲ့ နိုးနိုးလဲ အိပ်ငိုက်လာတယ်။ ဘယ်ချိန်ဘယ်လို အိပ်ပျော်သွားမှန်းမသိလိုက်ဘူး။ ညစာစားချိန်ရောက်လို့ ထမင်းဆိုင် တစ်ဆိုင်ရှေ့ မှာ ကားရပ်လိုက်မှ နိုးလာတယ်။ အားလုံးကားပေါ်က ဆင်းလိုက်ကြတယ်။ အစားဆို ထိပ်ဆုံးက ချီတက်နေကျ မီးလုံးကြီးကတော့ မီနုးထဲမှာ ရှိတာတွေ အားလုံး တန်းစီမှာနေလေရဲ့။ သူ့ မှာ အစာအိမ် အပိုတစ်ခုပါဟန် တူပါတယ်။ နိုးနိုးတို့ မိန်းကလေး အုပ်စုကတော့ အိမ်သာကို အရင် ချီတက်ခဲ့ကြတယ်။ အိမ်သာနားက မြောင်းမှာ သွဲ့ တစ်ယောက် ကားမူးလို့ အန်နေတယ်။ မြလေးက ကျောကုန်းကို ထုပေးနေတယ်(အရင်က အညှိုးတွေလဲ ပါရင်ပါမှာပေါ့)။ ထမင်းဆိုင်ရှင်လဲ နိုးနိုးတို့   အုပ်စုရောက်လာတာ တော်တော်တော့ ခေါင်းစားသွားပုံရတယ်။ ဟိုဘက်ဝိုင်းမှာ ရဲဂျာရစ်နေတာကို ခေါင်းကုတ်နေပြီ။ ထမင်းကြော်တစ်ပွဲကို “ဆီနဲနဲ၊ဆားလျှော့၊ထမင်းမများစေနဲ့ ” လို့ နိုးနိုးပြောတာကို စားပွဲထိုးလေးက ကြောင်တောင်တောင်လုပ်နေလို့ မျက်စောင်းထိုးပေးလိုက်တယ်။ စားပွဲထိုးလေး စပ်ဖြဲဖြဲနဲ့   ထွက်သွားတော့ “အော် သူက မော်ကွန်းနဲ့ အမျိုးများတော်သလားမှတ်ရတယ် မျက်နှာပြောင်ပုံက တစ်ပုံစံတည်းဘဲ” လို့  တွေးလိုက်မိတယ်။ တွေးမိတဲ့အတွေးကြောင့် မော်ကွန်းကို တစ်ချက်လှမ်းကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် မော်ကွန်းကလဲ ခေါက်ဆွဲစားနေရင်း ရယ်ပြနေတာနဲ့  ရယ်ချင်စိတ်ကို ရေနွေးကြမ်းနဲ့  အတူမျိုချလိုက်ရတယ်။ အချိန်စေ့လို့ ကားပေါ်ပြန်တက်ကြတော့ ထွန်းလေးရဲ့ ဦးလေးကားဆရာ အိပ်မောကျနေလို့ နှိုးလိုက်ရသေးတယ်။ တညလုံးစီးခဲ့ကြပြီး မနက်စောစော အာရုံတက်ချိန်မှာ ကားကို ဟိုတယ်ရှေ့မှာ ထိုးရပ်လိုက်တယ်။ အိပ်နေတဲ့သူတွေကို နှိုး၊ပစ္စည်းချနဲ့  ဆူညံသွားတယ်။ ၅ယောက်ခန်းတွေရတော့ တပျော်တပါးကြီးပေါ့။ ကမ်းခြေက ဘန်ကလိုလေးတွေမှာ စီစဉ်ပေးထားတော့ တံခါးဖွင့်လိုက်တာနဲ့ ကမ်းခြေကို လှမ်းမြင်နေရပုံက ကြည်နူးစရာလေးပါဘဲ။ ညီမငယ်က “ဝေး” ဆိုပြီး ကလေးတစ်ယောက်လို အော်နေပုံက တော်တော်ပျော်တယ်နဲ့ တူပါတယ်။ သူက ကမ်းခြေကို တစ်ခါမှ မရောက်ဖူးဘူးတဲ့လေ။ နိုးနိုးကတော့ အိပ်ချင်နေသေးတာနဲ့ တရေးတမောအိပ်လိုက်တယ်။ နိုးနိုးပြန်နိုးလာတော့ အခန်းထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ ဒါနဲ့  အခန်းပြင်ထွက်လိုက်တယ်။ ၀ရံတာ လက်ရမ်းပေါ်မှာ လက်ထောက်ပြီး ကမ်းခြေကို ငေးမောကြည့်နေမိတယ်။ ရဲဘော်ရဲဘက်တွေကတော့ ကမ်းခြေမှာ အရောင်အသွေးစုံဖြင့် ဟန်ချက်ညီနေကြပါပြီ။ သိဂီင်္တို့ အုပ်စုနောက်ကို လိုက်နေတဲ့ ကိုထက်စတိုင်ကို တွေ့ လိုက်တော့ အားရပါးရအော်ရယ်လိုက်မိတယ်။ ကိုထက်လုပ်ပုံကိုလဲကြည့်ပါအုံး။ ကောင်းဘွိုင်ဦးထုပ်၊အုန်းပင်ပုံတွေပါတဲ့ အကျီင်္ကြောင်ကြောင်ကျားကျား၊ဘောင်းဘီတို ပွပွနဲ့ လက်မှာ ငိုက်နေတဲ့ ပန်းတစ်ပွင့်ကို ကိုင်လို့ ဘယ်သူ့  ကို ဦးတည်နေမှန်းတော့ သေချာမသိပါဘူး။ ဟိုအုပ်စုကလဲ ကိုထက်ကို ခြေဆောင့်ပြပြီး လျှောက်နေကြတယ်။ နိုးနိုးလဲ သူငယ်ချင်းတွေကို ကြည့်ရင်းပျော်လာတယ်။ အခန်းထဲပြန်ဝင်ပြီး အ၀တ်အစားလဲ၊အခန်းသော့ခတ်ပြီး ကမ်းခြေဘက်ထွက်လာခဲ့လိုက်တယ်။ ကမ်းခြေကို နိုးနိုးရောက်သွားချိန်မှာတော့ သူငယ်ချင်းများက ရေကြောက်တတ်တဲ့ သံယောဇဉ်ကို ရေထဲအတင်းဆွဲချနေကြတယ်။ အဲ့လို သူငယ်ချင်းတွေနဲ့ ခရီးထွက်ရတာ စိတ်ကိုပေါ့ပါး၊ လန်းဆန်းစေပါတယ်။ ဘောကွင်းတစ်ခုဌါးလိုက်ပြီး ရေထဲဆင်းလိုက်တယ်။ အားပါးပါး ရေကအေးလိုက်တာ အသဲထဲကို စိမ့်သွားတာဘဲ။ “နိုးနိုးရေ ဒီဘက်ကူးခဲ့” လို့ သော်သော်ခေါ်လိုက်တာကြောင့် ရေနဲနဲနက်တဲ့ဘက်ကို တဖြည်းဖြည်း သွားလိုက်တယ်။ခဏလောက်အကြာမှာတော့ ဘောကွင်းတွေ ဆက်ပြီး စက်ဝိုင်းပုံစံနဲ့ ရေနက်ဘက်ကို သွားကြတယ်။ တချို့ က ရေကောင်းကောင်းမကူးတတ်လို့ ပါ။ ချောစု ရုတ်တရက် ကြွက်တက်သွားလို့ အားလုံးပျာယာခတ်သွားတယ်။ ကမ်းခြေကို အမြန်ပြန်ရောက်အောင်ခေါ်သွားပြီး တော်တော်ပြုစုလိုက်ရတယ်။ ရှေးဦးသူနာပြု ကျွမ်းကျင်တဲ့ရောင်နီကို ဒီနေရာမှာတော့ တော်တော်ကျေးဇူးတင်စရာပါဘဲ။ ခဏလောက် အကြာမှာတော့ ချောစုနေသာသွားတယ်။ ချောစု သူ့ အသက်သခင်ကို ကြည့်လိုက်တဲ့ အကြည့်လေးကြောင့် ရောင်နီတို့ များပြုံးသွားလိုက်တာ နွားပွဲစားတန်း ရောက်နေသလားထင်ရတယ်။ မဟုတ်မှလွဲရော ရောင်နီ ချောစုကို ကျိတ်ကြွေ နေတယ်ထင်ပါ့။ ဟီးဟီး။ ညနေဘက် ကမ်းပေါ်တက်ခဲ့ပြီး ရေမိုးချိုး ခဏလောက်နားတယ်။ ပြီးနောက် ထမင်းစားကြတယ်။ ရိုမန်က တို့ ကနန်းဆိတ်ကနန်းစားနေတဲ့ ခင်စန္ဒာထွန်းကို ချစ်ရည်ရွှန်းလဲ့နေတဲ့ အကြည့်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး အားမနာတမ်းငမ်းနေတယ်။ ခင်စန္ဒာလဲ မနေတတ်တော့လို့ လား မသိဘူး ရှက်ရှက်နဲ့ ငါးပိရည်တစ်ဇွန်းခတ်ပြီး သောက်လိုက်တယ်။ ခဏချင်း မျက်နှာတစ်ခုလုံးနီရဲလာပြီး ထွေးထုတ်လိုက်တယ်။ရိုမန်လဲ ကြောင်နေပြီးမှ ရေတစ်ခွက် အပြေးအလွှားသွားခပ် တိုက်လိုက်တယ်။ ခဏတော့ အားလုံး မှင်တက်နေမိကြပြီးနောက် ခင်စန္ဒာကို သနားပေမယ့် ၀ါးလုံးကွဲ ရယ်လိုက်ကြတယ်။ ခင်စန္ဒာလဲ ရှက်ရှက်နဲ့ ထွက်ပြေးသွားတော့ ရိုမန်တစ်ယောက် ထပ်ချပ်မခွာ။ ညစားစားပြီးကြတော့ ကမ်းခြေလာရင် လုပ်ရမဲ့တာဝန်အရ ကမ်းခြေမှာ ယောကျာ်းလေးတွေက ဂီတာတီး၊မိန်းကလေးတွေက သီချင်းဆိုနဲ့ စက္ကန့် တိုင်းက အမှတ်တရတွေနဲ့ ပါဘဲ။ စိုင်းပိုင်မင်းခရဲ့ “အသဲကွဲကမ်းခြေ” သီချင်းကတော့ အားလုံးကြားမှာ ရေပန်းစားနေလေရဲ့။ ကမ်းခြေဘက်ကိုမျက်နှာမူပြီး ထိုင်နေတဲ့အတွဲကို  တွေ့ လို့  ဘယ်သူတွေလဲလို့ စပ်စုကြည့်တာ ဆွေဇင်မြင့်နဲ့ ဗညားတို့ အတွဲကိုး။ “အချစ်တွေဟာ လှနေတာ” ဆိုတဲ့ သီချင်းစာသားလေးကို ညည်းလိုက်မိတယ်။ အိပ်ရာဝင်တဲ့ချိန်မှ တနေကုန် ပင်ပန်းထားလို့  တကိုယ်လုံး ညောင်းညာနေမှန်းသိလိုက်တယ်။ ယောင်းမလေး ပန်းအိဆီက ဒဏ်ကြေလိမ်းဆေးတောင်းလိမ်းပြီး အိပ်လိုက်တယ်။
ဒီမနက် ၇း၀၀နာရီ ထရတယ်။ ကျွန်းဘက်သွားလည်ကြမယ်ဆိုလို့ လေ။ နိုးနိုးတို့ ကတော့ အိပ်ရာထရမယ်ဆိုရင် ထုံးစံအတိုင်း နှေးနှေးကွေးကွေးနဲ့ မလှုပ်တလှုပ် လုပ်နေလိုက်တယ်။ “အိပ်ချင်သေးတယ်ကွာ” လို့ ပြောလိုက်တော့ မီးငယ် နိုးနိုးကို ရေနဲ့ မျက်နှာမှာလာဖျန်းပေးလို့  ခုန်ပေါက်ထလိုက်ရတယ်။ အားလုံးအဆင်သင့်ဖြစ်ကြတော့ ဟိုဘက်ကမ်းက ကျွန်းကို လှေနဲ့  သွားကြတယ်။ လှေ တစ်စီးနဲ့ တစ်စီး အပြိုင်လှော်နေကြတာ အင်းလျားကန်မှာ လုပ်တဲ့ လှေလှော် ပြိုင်ပွဲတွေအလားပါ့။ ဓါတ်ပုံတွေရိုက်ကြ၊တစ်ယောက်ကို တစ်ယောက် ရေနဲ့ ပက်ကြနဲ့ ဆော့နေကြတာ ခဏလေးနဲ့  ကျွန်းကို ရောက်သွားတယ်။ ကျွန်းလေးပေါ်ကနေ ၃း၀၀နရီလောက်မှာ ပြန်လာခဲ့ကြတယ်။ ခဏနားပြီး ညနေပိုင်းမှာတော့ ၁day,၂show နဲ့ ဟန်ရေးပြဖို့ ကိုယ်စီကိုယ်စီ တက်ကြွ နေကြလေတော့တာပေါ့။ မက်အိမ်ရဲ့ ဒီည ဖက်ရှင်ကအရမ်းပြောင်မြောက်တဲ့ ဒီဇိုင်းနာတစ်ယောက် ဖန်တီးပေးထားသည့်အလား ရုပ်လုံးပေါ်နေတယ်။ စဉ်းစားကြည့်ကြပါအုံး။ အပေါ်က အ၀ါ၊ အောက်ကအနီ နဲ့ ခရမ်းရောင် စပ်ထားတဲ့ဘောင်းဘီ၊ပြီးတော့ ဆွဲကြိုးပြားကြီးကိုဆွဲလို့ ဦးထုပ်အစိမ်းရောင်နဲ့ ဆိုတော့၊ ဒါတောင် သူ့ ရဲ့ အပြာနဲ့ လိမ္မော်ရောနေတဲ့ ဖိနပ်ကြီး အကြောင်းထည့်မပြောချင်တော့ပါဘူး။ ကိုထက်တစ်ယောက်ကတော့ မလျှော့သောဇွဲ မလဲသော အကျီင်္နဲ့ သိမ့်တို့ နောက်က လိုက်မြဲလိုက်ဆဲပါဘဲ။ ညဘက်မီးပုံပွဲလုပ်ကြတယ်။ မရိုးနိုင်တဲ့ ထုံးစံတွေထဲက ထုံးစံတစ်ခုဖြစ်တဲ့ပါဆယ်ဂိမ်းကစားကြတယ်။ ပထမဆုံး အလှည့်ကျတဲ့သူက သံယောဇဉ်ပါ။ လုပ်ပြရမဲ့ဟာကတော့ “ကိုယ်ချစ်တဲ့သူ တစ်ယောက်ကို စိတ်ထဲကနေ နမ်းပြီး၊အပြင်မှာတော့ လက်ညှိုးညွှန်ပြပါ” တဲ့လေ။ ကပ်သီးကပ်သပ် ရေးထားတဲ့ ဒိုင်လုပ်တဲ့ မက်အိမ်ကို အံ့သြမိပါရဲ့။ သံယောဇဉ်လဲ ရှက်ရှက်နဲ့ ပေထိုင်နေလို့ အားလုံးက လက်ခုပ်တီးပြီး အတင်း မတ်တပ်ရပ်ခိုင်းကြတယ်။ သံယောဇဉ်က ခဏတော့ စဉ်းစားလိုက်ပြီးမှ ကက်စက် အဖွင့်အပိတ်လုပ်နေတဲ့ မက်အိမ်ကို လက်ညှိုးညွှန်ပြလိုက်တော့ မက်အိမ်ခမျာ အားနွဲ့ တဲ့ ယောကျာ်းသားဆိုတော့ ရှက်ပြုံးလေးနဲ့  လက်ညှိုးကိုက်နေတာကို ကင်မရာမင်း ကိုရဲဂျာက မိမိရရ မှတ်တမ်းတင်လိုက်ပါတယ်။  နိုးနိုးအလှည့်မှာတော့ ဘက်မျောက်လောင်းက ရေးထားတဲ့ မဲလိပ်လဲမသိပါဘူး။ “မျောက်က ကပြရမယ်” ဆိုတာနဲ့ နိုးနိုးလဲ လူစင်စစ်ကနေ ဘာဖြစ်သွားမှန်းတောင် သေချာမသိလိုက်ပါဘူး။ တကယ်ဆို “ချစ်တဲ့သူကို ပန်းပေးပါ” လို့  များ ကျရင်ပေးဖို့ ယူလာတဲ့ ပန်းလေးတောင် အိတ်ကပ်ထဲမှာရှိတယ်။ နေနှင့်အုံးနော် ချစ်ရသူလေးရေ နောက်မှဘဲ။ မီးပုံပွဲပြီးသွားပေမယ့် ဘယ်သူမှ မအိပ်နိုင်ကြပါဘူး။ နက်ဖြန်ပြန်ကြတော့မှာဆိုတော့ အခန်းထဲက သူငယ်ချင်းမလေးတွေ ဟိုနားတစ်ယောက် ဒီနားတစ်ယောက် အတွဲကိုယ်စီနဲ့ ချစ်စရာလေး အလွမ်းသည်နေကြတယ်။ သူတို့ ကိုကြည့်ပြီး နိုးနိုးလဲ ရင်ထဲမှာတမျိုးကြီးဘဲ ခံစားရတယ်။ မအိပ်ချင်သေးတာနဲ့ ကျောက်ဆောင်တွေဘက် လမ်းလျှောက်ထွက်ခဲ့တယ်။ ကျောက်ဆောင်တွေကြားမှာ ထိုင်နေတဲ့ ကိုသော်တာဆွေကို တွေ့ လိုက်လို့ သူ့ နားကို လျှောက်သွားလိုက်တယ်။ ကိုသော်တာဆွေက မော့ကြည့်လာပြီး “နိုးနိုး လာထိုင်” ဆိုပြီး နေရာပေးတယ်။ နိုးနိုးလဲ ကျောက်တုံးတစ်ခုပေါ် ထိုင်လိုက်ပြီး ကိုသော်တာဆွေကို ကြည့်လိုက်တယ်။ သူ့ ကို ကြည့်ရတာ တစ်ခုခုကို ဆွေးနေတဲ့ပုံဘဲမို့ နိုးနိုး စပ်စုချင်လာတယ်။ “ကိုသော်တာဆွေ ကမ်းခြေကို လွမ်းနေတာလား ချစ်ချစ်ကို ဆွေးနေတာလား” လို့  မေးလိုက်တော့ နိုးနိုးကို ကြည့်လာတဲ့ သူ့ အကြည့်က တကယ့်ကို အဆွေးဓါတ်ပါနေတယ်။ “ကျွန်တော့် ချစ်သူနဲ့ ကျွန်တော် ဒီကမ်းခြေကို ရောက်ဖူးတယ်၊အခုလိုဘဲ သူနဲ့  တူတူထိုင်ခဲ့ကြတာ ခုတော့ သူနိုင်ငံရပ်ခြားကို ရောက်သွားပါပြီ” လို့ ပြောလိုက်တဲ့ ကိုသော်တာဆွေကို ကြည့်ပြီး နိုးနိုး သနားလိုက်တာလေ။ ဒါနဲ့ သူ့ ကို နိုးနိုးပုခုံးမှာ မှီခိုင်းပေးလိုက်တော့ အလိုက်သင့်ပြိုလဲလာခဲ့တဲ့ သူ့ ခေါင်းကို ထိန်းထားပေးလိုက်တယ်။ အဲ့ပုံအတိုင်း နာရီဝက်လောက် ငြိမ်နေလိုက်ပြီးမှ ကိုသော်တာဆွေ ခေါင်းကို ပြန်မတ်လိုက်ပြီး ရှက်ရယ်လေးရယ်လျှက်မှ “ကျေးဇူးဘဲ နိုးနိုး၊ အချိန်လဲလင့်နေပြီ ပြန်ကြရအောင်” လို့  ဆိုလိုက်တော့ နိုးနိုးလဲ ထရပ်လိုက်တယ်။ ကမ်းခြေဘက်မှ ဖြေးဖြေးချင်းလျှောက်လာပြီး အဆောင်ကို ပြန်ခဲ့လိုက်တယ်။ အခန်းကိုပြန်ရောက်လာတော့ ဇွဲကောင်းတဲ့ မမချောတွေ တယောက်မှ ပြန်မရောက်သေးပါဘူး။ ကိုသော်တာဆွေကို လက်ပြနှုတ်ဆက်လိုက်ပြီး အခန်းထဲကို ပြန်ဝင်ခဲ့လိုက်တယ်။ ပြန်ရတော့မှာမို့ လားမသိပါဘူး။ အိပ်ချင်စိတ်သိပ်မရှိသေးတာနဲ့  စာထရေးနေလိုက်တယ်။ ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပြီး ခေါင်းစဉ်ပေးလိုက်တယ်။ “ကမ်းခြေသို့  အလည်တစ်ခေါက်” လို့ ။

Tuesday 24 January 2012

အကိုင်းအခက်

ငါမျိုးစေ့လေး တစ်စေ့ကို တယုတယ ပြုစုပျိုးထောင်လိုက်မိတယ်..
တဖြည်းဖြည်းရေလောင်းပေါင်းတင်ပေးရာကနေ မျိုးစေ့လေး အပင်ပေါက်လာခဲ့ပြီ...
အပင်လေးပေါက်လာမှ မစိုက်သင့်တဲ့ အပင်မှန်းသိလာတယ်.. ဒါပေမယ့် အပင်လေးက
အစွမ်းကုန် ဖူးပွင့်သီးဖို့  အားယူနေပြီ.. ပျိုးမိပြီဖြစ်တဲ့ အပင်လေးမို့  အသတ်ရက်ပါဘူး..
ဒါပေမယ့် ဆက်ပြီးတော့လဲ မစောင့်ကြည့်ရဲတော့ဘူး..
ခုတော့ အကိုင်းအခက်တွေ ပင်လုံးပြည့်နဲ့ သစ်ပင်ကြီးတစ်ပင် ဖြစ်နေတာကို တားဆီးလို့ မရတော့တာအမှန်ပါဘဲ..
တကယ်လို့ ငါ့သစ်ပင်ဟာ မင်းအတွက် အနှောက်အယှက် ဖြစ်မယ်ဆိုရင်တော့ အဆိပ်လောင်းပြီး သတ်လိုက်ပါ..
မင်းအတွက် ပျိုးမိတဲ့ သစ်ပင်မို့ မင်းအလိုအတိုင်း လုပ်ပါ.. ငါကျေနပ်စွာ ကြည့်နေမှာပါ..
မျိုးစေ့လေးတစ်စေ့ကို ပျိုးပြီးမှတော့ အကိုင်းအခက်လေးတွေဟာ ဝေဆာလာမှာကတော့ သဘာဝတရားကြီးရဲ့
အမှန်တရားတွေထဲက အမှန်တရားတစ်ခုဘဲလေ...

Wednesday 7 December 2011

ကိုယ့်ချစ်သူထံသို့ 

ချစ်သောသူ .. ငါနင့်ကို မြင်မြင်ခြင်း ချစ်မိတယ်လို့ မဆိုလိုပါဘူး. ဒါပေမယ့် သိပ်ချစ်မိသွားတယ်..    ချစ်သောသူ .. ငါနင့်ကို အရာရာစွန့် လွှတ်ပြီး ချစ်မယ်လို့ မဆိုလိုပါဘူး ဒါပေမယ့် စွန့် လွှတ် အနစ်နာခံမိသွားတယ်..
ချစ်သောသူ .. ငါနင့်ကို ရယူပိုင်ဆိုင်လိုပြီး ချစ်တယ်လို့ မဆိုလိုပါဘူး ဒါပေမယ့် အဆုံးရှုံးမခံနိုင်တာတော့ အမှန်
ချစ်သောသူ .. ငါနင့်ကို အမြဲစိတ်ချမ်းသာအောင် ထားနိုင်မယ်လို့ မသေချာပါဘူး ဒါပေမယ့် စိတ်မချမ်းမသာ မဖြစ်ခိုင်းစေချင်တာတော့ သေချာတယ်ချစ်သောသူ
နင်တချိန်ငါ့ကို စိတ်ပျက်မိရင်တောင် ငါ့အချစ်တွေကို နဲနဲလောက်အစ ပြန်ဖော်ကြည့်ပေးပါ ချစ်သောသူ
အော်ချစ်သောသူ .. ငါ့အချစ်တွေကို နင်သယ်ပိုးထားရတာလေးတဲ့အခါ ခဏလောက်တော့ ချထားနော် ဒါပေမယ့် ပြန်ကောက်ယူဖို့ တော့ မမေ့လိုက်ပါနဲ့ နော် ချစ်သောသူ
မင်းကမေ့တတ်လို့ သတိပေးတာ ချစ်သူ

Tuesday 1 November 2011

ခရီး

ခရီးထွက်တယ်.. ခရီးတစ်ခုပြီးတစ်ခုကို ထွက်ဖို့ အတွက် ဘူတာတိုင်းမှာ မျက်ရည်တွေနဲ့ ပြည့် နှက်နေခဲ့ပြီကော... ထွက်သွားမဲ့သူက နေရာဟောင်းကို လွမ်းပြီးနေရာသစ်အတွက် စိတ်လှုပ်ရှားမှုတွေနဲ့ ကြောက်ရွံ့ ပျော်ရွှင်နေမိပေမယ့် ဘူတာလေးမှာ ကျန်ခဲ့တဲ့သူကတော့ နေရာဟောင်းမှာ ကျန်ခဲ့မဲ့ သူ့ ပုံရိပ်တွေနဲ့ အတူ အရာရာဟာ ခြောက်သွေ့ နေခဲ့မှာပါ....

နာကျင်ခြင်းလေလား ကြင်နာခြင်းများလား

နာကျင်ခြင်းဆိုတာကို ကျွန်မ မနေ့ ကမှ သိလိုက်တယ်.. တခါမှ မခံစားဖူးတဲ့နာကျင်ခြင်းပါလား... နာကျင်ခြင်းက ကြင်နာခြင်းကို အရင်းခံတယ်ဆိုရင်တော့ မကြင်နာနိုင်တော့မှာ စိုးလို့ နာကျင်ခြင်းကို ကျေကျေနပ်နပ် လက်ခံလိုက်တော့မယ်....