Monday 11 April 2011

ဇဝေဇ၀ါ

ကျွန်တော်ဟာ မုဆိုးတစ်ယောက်ပါ။တနေ့ ကျွန်တော် အမဲလိုက်ရင်းတောထဲမှာ ညနက်သွားတယ်။ဒါနဲ့ ကျွန်တော်လဲ သွက်သွက်လျှောက်ရင်း ခဲတစ်လုံးကို တိုက်မိပြီးလဲကျသွားခဲ့တယ်။ ကျွန်တော် ပြန်သတိရလာတော့ တော်တော်ချောတဲ့ ကောင်လေးတစ်ယောက် ကျွန်တော့်ဘေးမှာ ရပ်နေတာတွေ့  တယ်။ ကောင်လေးက ကျွန်တော့်ကို ထဖို့ လက်ကမ်းပေးတယ်။ ကျွန်တော်လဲ သူ့ လက်ကို အားပြုပြီး ထလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ပြောတယ် ‘နောက်ကလိုက်ခဲ့’ တဲ့။ သူ့ အသံက သြဇာသံ လွှမ်းတယ်ဗျ။ ကျွန်တော် မလွန်ဆန်နိုင်ဘဲ သူ့ နောက်က လိုက်သွားမိတယ်။ မလှမ်းမကမ်းမှာတော့ ရဲတိုက်လိုလို တိုက်အိမ်ကြီးတစ်လုံးကို မီးရောင်တွေကြားမှာတွေ့ လိုက်တယ်။ မာကျူလီမီးရောင် နဲ့ လင်းနေတဲ့ တိုက်အိမ်ကြီးရဲ့ အတွင်းထဲမှာတော့ အခန်းပေါင်းများစွာ ဖွဲစည်းထားတာကို အံ့သြဖွယ်တွေ့  လိုက်ရတယ်။ ကျွန်တော်မှင်တက်နေဖို့ အချိန်မရဘဲ ကောင်လေးနောက်က ထပ်ချပ်မခွာလိုက်နေရတယ်။ ကျွန်တော် ဒီအိမ်ရောက်လာတာ စိတ်ထဲမှာတစ်မျိုးဘဲ။ အိမ်မှာလူတွေ မတွေ့ ပေမယ့် လူအများကြီးရှိသလို ခံစားနေရတယ်။ ကောင်လေးက အခန်းတစ်ခန်းရှေ့ မှာ ရပ်လိုက်တယ်။ အခန်းနံပါတ် ၅၀၃။ ကောင်လေးက အခန်းတံခါးကို ၄ချက်ခေါက်လိုက်တယ်။ တအောင့်လောက် နေတော့ ကောင်လေးက တံခါးကို ဖြေးညှင်းစွာဖွင့်လိုက်တယ်။ အခန်းပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပြီး ကျွန်တော် မှင်တက်သွားတယ်။ ခေတ်မှီ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းတံတားတွေကို ညမီးရောင် လင်းလင်းလက်လက်အောက်မှာ ထိန်လင်းစွာ တွေ့ နေရပါတယ်။ ကျွန်တော် ဘာကိုဘယ်လို စဉ်းစား ရမယ်မှန်းမသိတော့ပါဘူး။ ၅မိနစ်လောက်ကြာတော့ ကောင်လေးက ပြန်ထွက်လို့  ကျွန်တော်လဲ ကပျာကယာ ပြန်ထွက်လိုက်ရတယ်။ ကောင်လေးက အခန်းပေါင်းများစွာကို ကျော်ဖြတ်ပြီး အခန်းနံပါတ် ၇၀၂ ကို တွန်းဖွင့်လိုက်တယ်။ ကောင်လေးက အခန်းပြူတင်းပေါက်နားကို တိုးကပ်သွားလို့ ကျွန်တော်လဲ လိုက်ကြည့်မိတယ်။ ကမ္ဘာစစ်ပြီးစကာလက အပျက်အစီးတွေ တ၀က်၊ အသစ်ပြန်ဆောက်နေတဲ့ အဆောက်အဦးတွေက တ၀က်တပျက်။ ကျွန်တော်လေ အခုဘာတွေ ဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုကိုယ် နားမလည်နိုင်ပါဘူး။ ကောင်လေး အခန်းထဲကနေ ထပ်ထွက်ပြန်တော့ ကျွန်တော်လဲ လိုက်ထွက်ခဲ့ရတယ်။ ဒီလိုနဲ့  နောက်တထပ်ပြီးတထပ်။ အထပ်တထပ်ကို ထပ်တက်ပြီးနောက် ညာဘက်ကို ချိုးကွေ့ လိုက်ပြီး ဒေါင့်က အခန်းရှေ့ မှာရပ်ပြီးဝင်ခွင့်တောင်းလိုက်တဲ့ အခန်းနံပါတ်ကတော့ ၇၀၈။အခန်းထဲမှာတော့ ရွှေတွေ၊စိန်တွေ တောင်လိုပုံထားတဲ့ဘေးမှာ ရှေးခေတ် မင်းဝတ်မင်းစားတွေနဲ့ လူပျိုလေးတစ်ယောက်နဲ့   အပျိုလေးတစ်ယောက် တယောက်ကိုတယောက် ကြည်နူးစွာထိုင်ကြည့်နေကြတယ်။ ကျွန်တော်တို့ ပြန်ထွက်လာပြီးနောက် တဖြေးဖြေး လမ်းလျှောက်လာရင်း ခြေထောက်မှာ ခိုးလိုးခုလု နဲ့ မို့ကြည့်လိုက်တော့ ခဲချွန်ချွန်လေးတစ်ခုကို နင်းမိနေတာကိုး။ တဖြေးဖြေးနဲ့ ကျောက်ဆောင်လေးတွေ သစ်ပင်တွေ စမ်းချောင်းတွေကို တွေ့ လိုက်ရတယ်။ အိမ်ကြီးထဲကနေ မထွက်သေးဘဲ ဘာလို့ များ ဒီသစ်တောတွေထဲ ရောက်သွားရတယ်ဆိုတာ မခန့် မှန်းတတ်ပေမယ့် သာယာတာတော့ အမှန်ပါဘဲ။သွားရင်းနဲ့ တရိစ္ဆာန်အချို့ ကိုတွေ့ ပေမယ့် တော်တော်ယဉ်တယ်။ သူတို့ ဖာသာသူတို့  အေးအေးဆေးဆေး အပူအပင်မဲ့ လျှောက်သွားနေကြတယ်။ ကျွန်တော်ငေးနေတုန်း ချောက်ကြီးတစ်ခုထဲကို ပြုတ်ကျ သွားခဲ့တယ်။ ကျွန်တော်လဲ ကြောက်ကြောက်နဲ့ မျက်လုံးကို ပိတ်ထားလိုက်တယ်။ကြမ်းပြင်ကိုထိမိတဲ့ အထိအတွေ့ ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကောင်လေးရှေ့မှာ ကျောခိုင်းလျက်သားနဲ့  အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တယ်။ ကောင်လေးက ကျွန်တော့်ကို ‘ကျွန်တော့် တာဝန်ပြီးဆုံးပြီ ရှေ့က အမျိုးသမီးက ရှေ့ဆက်လိုက်ပြလိမ့်မယ်’ တဲ့။ ပြီးတော့ကောင်လေး တရွေ့ရွေ့နဲ့   ပျောက်ကွယ်သွားတယ်။ ရှေ့က အမျိုးသမီးဖြေးညှင်းစွာ လှည့်လာခဲ့တယ်။ သူ့ ကိုကျွန်တော်ကြည့်ပြီး တော်တော်လန့် သွားတယ်။ သူ့မျက်နှာက တခြမ်းက အရမ်းချောမောလှပပြီး တခြမ်းကတော့ မီးလောင်ဒဏ်ရာတွေက မြင်မကောင်းအောင်ပါဘဲ။ ကျွန်တော် ခြေတလှမ်းဆုတ်လိုက်မိတော့ သူရယ်ပြီး ‘လိုက်ခဲ့’ လို့ ပြောတယ်။ သူ့အမိန့် အတိုင်း သူ့ နောက်က ထပ်ချပ်မခွာလိုက်ရတယ်။ သူအခန်းတစ်ခန်းရှေ့မှာ ရပ်လိုက်တယ်။ အခန်းက တံခါးမရှိဘူး။ အခန်းနံပါတ် ၃။ မီးတွေ လျှမ်းလျှမ်းတောက်နေတဲ့ အခန်းတွေကို တွေ့ နေရတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားဘူးနေကျ ‘ငရဲအိုး’ ဆိုတာ တကယ်ရှိတယ်ဆိုတာ ကျွန်တော် အခုမှတွေ့ တော့တယ်။ ကျွန်တော်တအားကြောက်မိပေမယ့် စကားတစ်ခွန်းမှ မပြောနိုင်ပါဘူး။ အခန်းထဲမှာ ဘယ်သူမှမရှိဘူး။ ကျွန်တော်က ‘ဒါဘာလဲ’ လို့ မေးလိုက်တော့ ‘လောလောဆယ် လူမရှိသေးဘူး လာခါနီးလူတွေ အတွက်လုပ်ထားတာ’ တဲ့။ ဘယ်လိုလူတွေ အတွက်လဲလို့ ဆိုတော့ ကျွန်တော် သိစရာမလိုဘူးလို့   ဘဲပြောတယ်။ သူက ကျွန်တော့်ကို အခန်းတစ်ခန်းဆီကို ခေါ်သွားပြန်တယ်။ အခန်းနားတောင် မရောက်သေးဘူး အရမ်းပူလာတယ်။ တော်တော် အပူရှိန်ပြင်းလို့ ကျွန်တော် အခန်းနားကို မကပ်နိုင်ပေမယ့် သူကတော့ ကျွန်တော့်ကို အတင်းဆွဲခေါ်သွားလေရဲ့။ ကျွန်တော်လဲ ပူလွန်းလို့  ‘ပူတယ်၊ပူတယ်’ နဲ့   အော်နေမိတယ်။ ကျွန်တော် မျက်လုံးကို အားယူပြီးဖွင့်ကြည့်လိုက်တော့ တောထဲမှာ ကျွန်တော် တစ်ယောက်ထဲ။ နေမင်းကြီးက အရှေ့ဘက်ကနေ ခေါင်းပြူထွက်လို့ ။ ကျွန်တော် ဘေးပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်တယ်။ ကျွန်တော့်ဘေးမှာ ဘယ်သူမှမရှိပါဘူး။ အိမ်ဆိုလို့ စာကလေးအိမ်တောင် မရှိဘူး။ ကျွန်တော်တောနက်ကြီးထဲက အမြန်ဆုံးပြေးထွက်လိုက်တယ်။ ပြေးရင်းကျောက်တုံးကြီးနဲ့  ခေါင်းတိုက်မိသွားတယ်။ ကျွန်တော့်ခေါင်းမှာ ပူကနဲ။ ကျွန်တော့် ခေါင်းကနေ သွေးတွေ တလဟော နဲ့   စီးကျလာနေတာကိုဘဲ နောက်ဆုံးသိလိုက်ရတယ်။ အား………………. ပူတယ်၊ပူတယ်။

2 comments:

  1. အိမ်မက်လား....တကယ်လား....ဗျာ...

    ReplyDelete
  2. အိပ်မက်လဲမဟုတ်ဘူး.. တကယ်လဲမဟုတ်ဘူး.. နိုးနိုးစိတ်ကူးယဉ်တာ.. ဟီးးးး

    ReplyDelete