Monday 4 April 2011

သူနဲ့ သူ

သူ နဲ့ ကျွန်မနဲ့ ဆိုတာ စာလုံးလေးတွေကို ယုံကြည်မှုတည်ဆောက်ရင်း စမ်းတ၀ါးဝါးနဲ့  လေလိုင်းလေးပေါ်မှာပါ။ သူက သူများရဲ့ခင်မင်မှုကို ရယူတဲ့နေရာမှာ တူမတူအောင် ကျွမ်းကျင်ပိုင်နိုင်တယ်။ သူကို့ သိစေချင်တဲ့သူကို အဲဒီလူနဲ့ ပတ်သက်တဲ့ ကဗျာလေးတွေ၊စာလေးတွေ သီကုံးပြီး ပို့ လေ့ရှိတယ်။ သူရဲ့ ကဗျာတစ်ပုဒ်ကို လက်ခံလိုက်ရတဲ့နေ့ ကစလို့  ကျွန်မရဲ့ ရက်စွဲတွေကို လှပစေလိုက်တာပါဘဲ။ သူလေ ညတိုင်းကျွန်မကို ကဗျာလေးတွေပို့ ပေးတယ်။ သီချင်းတွေ အတူတူနားထောင်ကြတယ်။ သူ့ အကြောင်း ကိုယ့်အကြောင်း အပြန်အလှန်မေးကြ၊ငယ်ငယ်တုန်းက ပျော်ရွှင်စရာ အတိတ်တွေကို တူးဆွ။ဒီလိုနဲ့ ရက်မှ လ၊လမှ နှစ်ဆီသို့ ကူးလုဆဲဆဲ။ဒီနေ့ က အခါတိုင်းလို ပုံမှန်မဖြစ်နေပါလား။ လင်းနေကျ မီးနီလေးလဲ မလင်းလာသေးပါလား။ အခါတိုင်းထက် တော်တော်လေး နောက်ကျနေတဲ့ သူ့ ကို ကျွန်မလေ အရူးတစ်ယောက်လိုဘဲ စောင့်နေမိတယ်။ သူကတော့ ကျွန်မအရူးမဟုတ်ဘူးဆိုတာသိမှာပါ။ သူ့ ရဲ့ မီးနီလေးကို စောင့်နေတုန်းမှာဘဲ ၀င်လာတဲ့လူတစ်ယောက်ကို ဖိတ်ခေါ်လိုက်တော့ မီးစိမ်းလေးက ဒိန်းကနဲ။ ကျွန်မကိုပြောတယ် “ဒီအချိန်ကြီး ဘယ်သူ့ ကိုစောင့်နေတာလဲ” တဲ့။ ကဲ ကျွန်မအမှန်အတိုင်း ပြောလိုက်ရမှာလား။ သူနဲ့ ကျွန်မကြားမှာ ကွန်ယက်တွေ အစွမ်းကြောင့် ရင်းနှီးမှုလေးတစ်ခု တည်ဆောက်လိုက်နိုင်တယ်။ ကျွန်မလေ သူပြောတဲ့ ပျက်လုံးတွေကို မကြားဘူးပေမယ့် နားယဉ်နေသလိုဘဲ။  ဘာဖြစ်လို့ ပါလိမ့်။ ဒီလိုနဲ့ ငါတို့  နှစ်ယောက် ရင်ခုန်သံတွေ ညီလာသလို…..ဘာတွေလဲ ဘာတွေလဲ။ သူက ဘယ်သူလဲ။ သူ့  ကိုစောင့်တာသူရောက်လာတယ်။ ဒါပေမယ့် သူက သူမဟုတ်ဘူးလေ။ သူ့ မီးလေးကတော့ တညလုံးမလင်းလာတော့ပါဘူး။ သူမအားလို့  လား။ နေမကောင်းလို့ လား။ သိပ်မတွေးနိုင်တော့ဘဲ အချိန်နာရီရဲ့ အလိုအတိုင်း ကျွန်မအိပ်စက်လိုက်ရတယ်။ နောက်နေ့ တွေမှာလဲ သူ့ မီးလေးမလင်းလာဘဲ သူမဟုတ်တဲ့ သူ့  မီးလေးကဘဲ စိမ်းနေခဲ့တယ်။ သူ့ ဝါကျတွေက တဖြည်းဖြည်းနဲ့ သူ့ အသုံးအနှုန်းတွေနဲ့  ထပ်တူကျလာခဲ့တယ်။  နောက်ဆုံးတော့ သူက ကျွန်မကို သူနဲ့  လှည့်စားတာကိုး။ ဟာ……….သူ့ ကို သူမှန်းမသိလို့ သူပြောတော့ စကားလုံးတွေက ရင်းနှီးသယောင်လို့  ထင်ခဲ့ပါ့။နောက်ဆုံးတော့ သူက ကျွန်မကို သူနဲ့  အဆုံးသတ်လိုက်တယ်။ သူ့  အပြစ်လား ငါ့အဖြစ်လား.အခုတော့ သူကော သူပါပျောက်ကွယ်သွားတာ ကြာလှပေါ့။ ကျွန်မရဲ့ လင်းနေကျ မီးနီလေးလဲ မလင်းနိုင်ရှာတော့ပါဘူး။ ကွက်လပ်တွေ အများကြီးဖြစ်နေတဲ့ စက္ကန့် တွေမှာ အတွေးတွေက နေရာဝင်ယူလိုက်တယ်။ ကျွန်မရဲ့ အတွေးတွေထဲမှာတော့ သူနဲ့ သူ့ ကိုခေါ်ပြီး ခရီးနှင်လျက်။

No comments:

Post a Comment