Monday 4 April 2011

သဘာဝရဲ့လက်ဆောင်နေ့သစ်များ

ငါ့ကို နေ့ သစ်တခုက မွေးဖွားလိုက်ပြန်ပြီ။ ဆာလောင်ခြင်းတွေနဲ့ အတူပေါ့။ ငါ့မှာအိမ်မရှိဘူး။စားစရာမရှိဘူး။ ဒါပေမယ့်နေ့ သစ်တွေတော့ရှိတယ်။ နေ့  သစ်တွေအများကြီးလဲကျန်သေးတယ်။ ငါဘာလုပ်ရမလဲ။ မီးရထားဘူတာရုံ ပလက်ဖောင်းပေါ်က ထလာပြီး မြို့ ဈေးလမ်းတလျှောက် လမ်းလျှောက်နေမိတယ်။ ယင်တွေအုံနေတဲ့ အသားတန်းတလျှောက်မှ ကျော်လာပြီး ဗွက်ထနေတဲ့ လမ်းအရှေ့ကဆိုင်တဆိုင်ရှေ့ မှာ ရပ်လိုက်တယ်။ လမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်ပါ။သူတို့ မှာပန်းကန်ဆေးပေး အလုပ်တွေကူလုပ်ပေးပြီး စားကြွင်းစားကျန်တွေကို စားလာတာကြာပြီလေ။သူ့ ကိုအရမ်း ကြည်ဖြူလို့ မဟုတ်ပေမယ့် ပိုက်ဆံမပေးရဘဲ ထမင်းဘဲကျွေးရလို့  သာလက်ခံတာ။ဒါတောင် သိပ်အသန့် ကြိုက်တဲ့ သူ့ သမီးလာရင် သူ့ ကိုအနားတောင် အကပ်ခံတာ မဟုတ်ဘူးလေ။ အဲလိုအချိန်ဆို ထမင်းငတ်တတ်တယ်။ ရေသောက်ဗိုက်မှောက်ပေါ့။ တခါတခါ ဘူတာမှာ ရထားပေါ်က လူတွေချခဲ့တဲ့ စားကြွင်းစားကျန်တွေ ရရင်တော့အာသာပြေတာပေါ့။တနေ့ ..ဒီနေ့  ဟာငါ့ကို အကြီးအကျယ်ပြောင်းလဲစေမယ်ဆိုတာ ဘယ်လိုမှကြိုမသိနိုင်ဘူးလေ။ ငါ့ကိုသဘာဝကပေးတဲ့ နေ့သစ်အတွက် ငါနိုးထလာတော့ အစောကြီးရှိသေးတယ်။မိုးတောင်ကောင်းကောင်း မလင်းသေးဘူး။ ငါပြန်မအိပ်ချင်တော့တာနဲ့  ထလမ်းလျှောက်တော့ ကလေးငိုသံတသံ ကြားလိုက်လို့ ကြည့်လိုက်တော့ အားပါးပါး…နဲတာကြီးမဟုတ်ဘူး….ခြင်းကြီးတခုထဲမှာ ကလေးလေးတစ်ယောက်ငိုနေတယ်လေ။ ငါလဲဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ ဖြစ်နေတုန်း ကလေးက ထငိုလိုက်ပြန်တော့ တောင်းကြီးကိုမပြီး သံလမ်းအနောက်ဘက် လူသိပ်မရှိတဲ့ ဘက်လျှောက်လာခဲ့တယ်။ တောင်းကြီးကို သေချာဖွင့်ကြည့်တော့ တောင်းထဲမှာ ပိုက်ဆံတထပ်ကိုတွေ့  တယ်။ အားပါး..၁သိန်းလောက်ကိုရှိမှာဘဲ။ ၁သိန်းဆိုတဲ့ ပိုက်ဆံက ကျုပ်တသက်ပိုင်ဆိုင်ဖူးဘို့ မပြောနဲ့ တွေ့ တောင်မတွေ့ ဖူးဘူးလေ။ ကျုပ်ဘာလုပ်ရမလဲ။တခုဘဲရှိတယ်လေ။ ကလေးခြင်းကို ခုံတန်းတခုပေါ်မှာပြန်ထား ခဲ့ပြီး ကျုပ်ပြေးထွက်လာခဲ့တယ်။ ကျုပ်စိတ်မကောင်းပေမယ့် ကျုပ်ဒီကလေးကို ဘယ်လိုမွေးမလဲ။အိမ်မရှိ ယာမရှိ ကိုယ်တိုင်တောင် လမ်းဘေးမှာအိပ် လမ်းဘေးမှာစားလေ။ ကျုပ်သိတယ်။ဒီကလေးကို သနားတတ်တဲ့ ပိုက်ဆံရှိတဲ့ လူတစ်ယောက်ယောက် ခေါ်သွားမှာဘဲလို့ လေ။ ကျုပ်လဲစားကောင်းသောက်ကောင်း ရောင်းတဲ့စားသောက်ဆိုင်တဆိုင် ထဲကိုဝင်သွားလိုက်တယ်။ ဆိုင်ရှင်က ကျုပ်ကိုမသင်္ကာတဲ့ အကြည့်နဲ့ ကောင်တာကနေ လှမ်းကြည့်ပြီး စားပွဲထိုး တစ်ယောက်ကို ကျုပ်စားပွဲဆီ လွှတ်လိုက်တယ်။ စားပွဲထိုးလေးကို ကျုပ် ဆိုင်ရဲ့  အကောင်းဆုံး အစားအစာကိုမှာလိုက်တယ်။ စားပွဲထိုးလေး အရိုအသေ ပေးပြီးထွက်သွားတယ်။ ခဏအကြာ အငွေ့ တထောင်းထောင်း နဲ့ စားစရာတွေစားပွဲမှာ ရောက်လာတယ်။ကျုပ်လဲ အားရပါးရစားလိုက်တယ်။စားနေတုန်း ကလေးလေးငိုနေတာကို တွေးမိတော့စားရတာ နင်လာသလိုလို ဘာလိုလို သူလဲဆာမှာဘဲ လို့ တွေးမိရင်း ကလေးလေးကို သံလမ်းနဲ့  အနီးဆုံး ခုံတန်းယိုင်နဲ့ နဲ့  ပေါ်မှာ တင်ထားခဲ့ မိမှန်းသတိရလာတယ်။ ရထားများလာရင် ဆိုပြီးတွေးမိတယ်။ လူတွေ ပျားပန်းခတ်နေတဲ့ ဒီဘူတာရုံမှာအမြဲတိုးဟွေ့ နေကြတာလေ။မတော်တဆ တောင်းပြုတ်ကျသွားရင်လို့  တွေးလိုက်မိတော့ နေရာကနေပြေးထွက် ခဲ့မိတယ်။ စားပွဲထိုးလေးပြေးလိုက်လာပြီး ကျသင့်ငွေ တောင်းနေတုန်း ရထားဥသြဆွဲသံ ကြားလိုက်ရတယ်။ဒါနဲ့ ကပျာကယာ ထောင်တန်တထပ် ထားခဲ့ ပေးပြီး ပြေးထွက်လာခဲ့တယ်။ ကလေးလေး ဘာမှမဖြစ်ပါစေနဲ့ လို့  ပထမဆုံးအကြိမ်ဆုတောင်းမိတယ်။ ကျုပ်ဘူတာကိုရောက်တော့ ရထားကထွက်သွားပြီ။ လူတွေဝိုင်းအုံပြီးကြည့်နေကြတဲ့ လူအုပ်တစုကိုတွေ့ တော့ သူတိုးဝင်ကြည့်လိုက်တယ်။ ကလေးလေး တောင်းလေး လွင့်စင်နေတာဘဲတွေ့ လိုက်တယ်။ လူတွေက ပြောနေကြတယ်။ “ မိဘတွေ ရက်စက်လိုက်တာတဲ့” သူ့ မိဘတွေဘဲ ရက်စက်လွန်းလို့  ပစ်သွားတာလား။ ကျုပ်ဘဲ ရက်စက်လွန်းလို့  ကလေးလေး သေသွားတာလား။ကျုပ်ဘာကိုမှ မသိတော့ဘူး။ကျုပ်ခေါင်းမှာ ပျားအုံတစ်အုံ လာအုံခဲနေသလိုဘဲ။ကလေးလေး ရဲ့သနားစရာငိုသံလေးကိုဘဲကြားနေရတယ်။ ကျုပ်မကြားနိုင်တော့ဘူး။ ကျုပ်ကိုကျုပ်လဲ မသိတော့ဘူး။ကျုပ်ကို နေ့ သစ်တွေထပ်ပေးအုံး မှာလား ကျုပ်မသိတော့ဘူး။ဆာလောင်ခြင်းတွေကော ရှိအုံးမှာလား ကျုပ်မသိတော့ဘူး။ သေချာတာ တခုကတော့ မနက်ဖြန် သတင်းစာမှာ သတင်းထူး နှစ်ပုဒ်တော့ပါမှာသေချာတယ်။ တစ်ပုဒ်က “ကလေးလေး တစ်ယောက်ရထားတိုက်လို့  သေဆုံးခြင်း နဲ့ အရူးတယောက် ပိုက်ဆံတွေ အထပ်လိုက် ကြဲပြီး အော်ဟစ်နေခြင်း” ဆိုပြီးပေါ့။

No comments:

Post a Comment